Back to top

၂ဝ၁၈-၁၉ ခုနှစ်အတွက် IELTS Prize ဆုရှင်များ ပေါ်ထွက်လာပါပြီ

Date: 26 July 2019

ဗြိတိသျှကောင်စီတွင် ပြုလုပ်ခဲ့သည့်  ၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွင် ဝင်ရောက်ဖြေဆိုခဲ့သူများထဲမှ IELTS Prize ဆုရရှိသူ လေးဦးအား ကျပ် သိန်း ၄၅၀ (အမေရိကန်ဒေါ်လာ သုံးသောင်း) တန်ဖိုးရှိ ဆုများပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၉  ဇူလိုင်လ ၂၆ ရက်နေ့  နံနက် ၁ဝးဝဝ မှ ၁၁းဝ၀ အထိ ရန်ကုန်မြို့၊ ကမ်းနားလမ်း၊ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ကျင်းပခဲ့ပါသည်။

ဆုရသူတစ်ဦးဖြစ်သည့် ကိုတိုးကျော်ထက် က "မြန်မာနိုင်ငံက IELTS Prize ပထမဆုရှင်အဖြစ် ရွေးချယ်ခံရတာ ဂုဏ်ယူ ၀မ်းမြောက်ပါတယ်။ နိုင်ငံခြားမှာ စာသင်ရင် အကုန်အကျများလွန်းတော့ ဆုရတဲ့အခါ ကျွန်တော့် မိသားစုအတွက် ငွေကြေးအကုန်အကျ ၀န်ထုပ်ဝန်ပိုး လျှော့သွားပါတယ်။ နိုင်ငံခြားမှာ ပညာသင်ရင် စိန်ခေါ်မှုတွေ ရှိနိုင်ပါတယ်။   ဒါပေမယ့် IELTS စာမေးပွဲဖြေလိုက်တော့ နိုင်ငံခြားမှာ ပညာဆက်သင်ကြားရာမှာ မရှိမဖြစ်လိုအပ်တဲ့ အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်နိုင်နင်းစေခဲ့ပါတယ်" ဟု ပြောကြားပါသည်။  

မြန်မာနိုင်ငံမှဆုရရှိသူ လေးဦးတွင် တစ်ဦးဖြစ်သူ National University of Singapore တွင် Chemical Engineering မဟာဘွဲ့သွားရောက် သင်ယူမည့် ကိုဖြိုးသူရဌေးမှာ ဒေသတွင်း တတိယဆုရရှိခဲ့ခြင်း ဖြစ်၍ ဆုငွေ အမေရိကန်ဒေါ်လာ ၁၀၀၅၀၀ ရရှိမည်ဖြစ်ပြီး  ပြည်တွင်းဆုရရှိသည့် University of Adelaide တွင် Computer Science ဘာသာရပ် သင်ယူရန် သွားရောက်မည့် ကိုတိုးကျော်ထက်၊ University of Manchester တွင် Master of Business Administration Degree ရယူရန် သွားရောက်မည့် ဒေါက်တာမိမိခိုင်နှင့် Singapore Management University တွင် Business Management ဘာသာရပ်သင်ယူရန် သွားရောက်မည့် ကိုစောမင်းညိုတို့မှာ အမေရိကန်ဒေါ်လာ ၇၉၀၀၊ ၆၆၀၀ နှင့် ၅၂၀၀ အသီးသီးရရှိကြမည် ဖြစ်ပါသည်။

နိုင်ငံရပ်ခြား ပညာသင်ကြားရန် ရည်သန်ထားသည့် အရှေ့အာရှမှ ကျောင်းသူ/သား (၂၇၀) ဦးကျော်အား ဗြိတိသျှကောင်စီက ၂၀၁၁ ခုနှစ်မှ စတင်ပေးအပ်ခဲ့သော IELTS ဆုများ ပံ့ပိုးပေးခဲ့ပြီး ယခုနှစ် (၂၀၁၈/၁၉) အတွင်းတွင် မြန်မာနိုင်ငံမှ ထူးချွန်အောင်မြင်သူ (၄) ဦးအပါအ၀င် နောက်ထပ်(၃၃) ဦးကို ပေးခဲ့ခြင်းဖြစ်ပါသည်။

ဗြိတိသျှကောင်စီ အရှေ့အာရှ ဒေသဈေးကွက်ဒါရိုက်တာ ထရစ်ရှ်သွမ်ဆန်က "IELTS စာမေးပွဲဟာ ၂၀၁၈-ခုနှစ်အတွင်း ဖြေဆိုသူ ၃.၅ သန်းကျော်ရှိခဲ့တဲ့ ကမ္ဘာ့လူကြိုက်အများဆုံး အဆင့်မြင့် အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု စစ်ဆေးတဲ့ စာမေးပွဲ ဖြစ်ပါတယ်။ ဗြိတိသျှကောင်စီရဲ့  IELTS ဆုများဖြင့် ပညာသင်အပြီးမှာ လူ့အဖွဲ့အစည်းအား အကျိုးပြုနိုင်ကြောင်း သက်သေထူနိုင်တဲ့ အရည်သွေးမြင့်မားသူတွေကို ထောက်ပံ့ပေးရတဲ့အတွက်လည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်" ဟု ပြောကြားပါသည်။ 

ယခုနှစ်ဆုရွေးချယ်ရန်အတွက် IELTS စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံရပ်ခြားတွင် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုလုပ်ငန်းများလုပ်ဆောင်ရန်  ရည်ရွယ်ထားသည့် ထူးချွန်ကျောင်းသူ/သား (၁၀၀) ကျော်အား ဗြိတိသျှကောင်စီမှ လူတွေ့မေးမြန်းခဲ့ပါသည်။

IELTS မဖြေဆိုမီ ပံ့ပိုးခြင်း၊ ဖြေဆိုစဉ် စီစဉ်ပေးခြင်း၊ ဖြေဆိုအပြီး ၀န်ဆောင်မှုပေးခြင်း စသည်ဖြင့် ဖြေဆိုသူများ အတွက် ပြီးပြည့်စုံသော ၀န်ဆောင်မှုများကို ဗြိတိသျှကောင်စီမှ ပေးနေပြီး စာရင်းပေးသွင်းထားသည့်  ကျောင်းသူ/သားများ ပြင်ဆင်လေ့ကျင့်နိုင်ရန် အထူးပုံစံထုတ်ထားသည့် အကြောင်းအရာ၊ စာရွက်စာတမ်းများ၊ လေ့ကျင့်ဖြေဆိုမှုများအပါအ၀င် အွန်လိုင်းတွင် စုစည်းတင်ထားသည့် Road to IELTS ကိုလည်း ၀င်ရောက် သုံးစွဲနိုင်ရန် စီစဉ်ပေးထားပါသည်။ လွယ်လင့်တကူ သွားရောက်နိုင်မည့် စာမေးပွဲခန်းများ၊ မိမိတို့ အစီအစဉ်နှင့် ကိုက်ညီအောင် ရွေးချယ်နိုင်သည့် ဖြေဆိုချိန်များ၊ အချိန်မီရရှိနိုင်မည့် စာမေးပွဲ အဖြေလွှာ စသည်ဖြင့် ဖြေဆိုသူများ အဆင်ပြေစေရန် လုပ်ဆောင်ထားပါသည်။ ထပ်မံသိရှိလိုပါက www.ieltsasia.org.mm ကိုဝင်ရောက်ကြည့်ရှုနိုင်ပါသည်။